ရတနာပုံဈေး(Sky Walk) ၁၂ နှစ်ခန့်အကြာတွင် ဒုတိယအကြိမ် မီးကြီးလောင်

ရတနာပုံဈေး (Sky Walk) မီးလောင်နေမှုမြင်ကွင်း (ဓာတ်ပုံ - MFSD)

- ၀ိုင်ယာရှော့ခ်ကြောင့်ဟု ခေတ္တ၀န်ကြီးချုပ်ဦးဇာနည်အောင်ပြော

- အဆင့် (၅) မီး မီးသတ်တပ်ဖွဲ့ဝင် ရာနှင့်ချီ ငြှိမ်းသတ်သော်လည်း လေးနာရီကျော်ကြာအထိ မထိန်းနိုင်သေး

- ပစ္စည်းများ မယူစေရန် တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ လုံခြုံရေးပေး

လွန်ခဲ့သော ၁၂ နှစ် ခန့်က မီးလောင်ကျွမ်း၍ အသစ် ပြန်လည်တည်ဆောက်ခဲ့သော မန္တလေးမြို့ရှိ ရတနာပုံဈေး (Sky Walk) ၌ယမန်နေ့တွင် မီးလောင် မှုထပ်မံဖြစ်ပွားခဲ့သည်။

ချမ်းအေးသာစံမြို့နယ် ၇၇ လမ်းနှင့် ၇၈ လမ်းကြား၊ ၃၃ လမ်းနှင့် ၃၄ လမ်းကြားရှိ ရတနာ ပုံဈေး၌ ဇန်န၀ါရီ ၁၇ ရက် ညနေ ၆ နာရီ ၁၀မိနစ်ခန့်တွင် မီးစတင် လောင်ကျွမ်းကာ လောင်ကျွမ်းမှု များ၍ ည ၇ နာရီ ၂၃ မိနစ်၌ အဆင့် (၅) အထိသတ်မှတ်၍ငြှိမ်း သတ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီး သတ်တပ်ဖွဲ့က သတင်းထုတ် ပြန်သည်။

မီးလောင်မှုကို အထပ်မြင့် မီးငြှိမ်းသတ်ယာဉ်သုံးစီးအပါအ ဝင်မီးသတ်ယာဉ်၊ ရေသယ်ယာဉ် နှင့်စုစုပေါင်းမီးသတ်ယာဉ် ၁၀၀ ကျော်၊ မီးသတ်အင်အားရာနှင့်ချီ ၍ ည ၁၀ နာရီကျော်အထိအပေါ်ဆုံး ခြောက်လွှာနှင့် ငါးလွှာတို့တွင် ငြှိမ်းသတ်နေရဆဲဖြစ်သည်။

ဈေးအပေါ်ဆုံးထပ် ခြောက် လွှာတွင် စတင်လောင်ကျွမ်းခြင်း ဖြစ်သည်ဟု အနီးဝန်းကျင်ရှိဒေ သခံများက ပြောသည်။ အဆိုပါ ဈေးတွင် အဝတ်အထည်၊ ကျောက် မျက်ရတနာဈေးနှင့်ကာ ရာအိုကေဆိုင်များရှိသည်။ မီး လောင်ကျွမ်းသည့် နေရာတွင် ရတနာပစ္စည်းများရောင်းချသည့် Mandalay Yatanar Mall နှင့် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) တို့ရှိသည်။

‘‘ဝိုင်ယာရှော့ခ်ဖြစ်တယ်လို့ ပြောတယ်။ အတိအကျတော့ မသိနိုင်သေးဘူးနော်’’ ဟု မီး လောင်ရာနေရာသို့ လာရောက် ကြီးကြပ် စစ်ဆေးသည့် မန္တလေး တိုင်းခေတ္တဝန်ကြီးချုပ် ဦးဇာနည် အောင်က ပြောသည်။

မီးလောင်မှုဖြစ်ပွားသည့် အထပ်များသည် မှန်အလုံပိတ်အ ခန်းများဖြစ်နေ၍ မီးသတ်တပ် ဖွဲ့ဝင်များက မှန်များကိုရေအား ဖြင့် ထိုးခွဲကာငြှိမ်းသတ်နေရခြင်း ကြောင့် အခက်အခဲများရှိနေသည် ကို တွေ့ရသည်။

ရတနာပုံဈေး မီးလောင်မှု တွင် မီးသတ်သမားများအတွက် လိုအပ်သော နှာခေါင်းစည်း၊ အ စားအသောက်နှင့် ရေသန့်ဘူးများ ကို မြို့ခံအချို့က လာရောက်ဝေ ငှလှူဒါန်းပေးသည်ကို တွေ့ရ သည်။

ဈေး၏ တောင်ဘက်ပိုင်းနှင့် အရှေ့တောင်ထောင့်အနီးတွင် ပိုမိုလောင်ကျွမ်းနေပြီး အဆိုပါ နေရာများကို ဦးစားပေးငြှိမ်းသတ် သည်ကို တွေ့ရသည်။

မီးလောင်သည့် ကုန်တိုက် အတွင်းသို့ ပစ္စည်းများဝင်ရောက် မယူနိုင်ရန် တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ ကစည်းသုံးစည်းတား၍ လုံခြုံရေးဆောင်ရွက်ပေးသည်ကို တွေ့ရသည်။

ည ၁၀ နာရီတွင် ကုန်တိုက် အတွင်းသို့ မီးသတ်သမားများ စ တင်ဝင်ရောက်နိုင်၍ မီးငြှိမ်းသတ် နေသည်ကိုတွေ့ရသည်။

မီးလောင်ကျွမ်းမှု စတင်ဖြစ် ပွားချိန်ကတည်းက ရောက်ရှိနေ သူ မန္တလေးမြို့ဒေသခံတစ်ဦးက ‘‘လူပိတ်မိနေတာတွေလည်းရှိ တာတွေ့တယ်။ အထဲက ဂက်စ် အိုးတွေ ပေါက်ကွဲတာလားမသိ ဘူး၊ပေါက်ကွဲသံတွေလည်း ကြား ရတယ်’’ ဟု ပြောသည်။

ယခု မီးလောင်ကျွမ်းသည့် ရတနာပုံဈေး (Sky Walk) သည် ၂၀၀၈ ဖေဖော်ဝါရီ ၂၅ ရက်ကမီး လောင်မှုဖြစ်ပွားခဲ့၍ ဈေးကိုအ သစ်ပြန်လည်တည်ဆောက်ထား ခြင်းဖြစ်သည်။

၂၀၀၈ က မီးလောင်မှု ကြောင့်ဆိုင်ခန်း ၁,၅၀၀ ကျော်မီး သင့်ပြီး ကျပ်သိန်း ၂,၆၀၀ ကျော် ဆုံးရှုံးခဲ့သည်။

 ‘‘အရင်တစ်ခါမီးလောင် တုန်း ကလည်း ဆိုင်ခန်းပါသွားပြီ။ အခုလည်း နောက်တစ်ခါထပ် လောင်တယ်။ ဘာမှပြောစရာ စကားကိုမရှိတော့ဘူး’’ ဟု ရတ နာပုံဈေးတွင် အထည်ရောင်းချသူ အမျိုးသမီးတစ်ဦးက ပြောသည်။

လောင်ကျွမ်းမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ယမန်နေ့ည ၁၀ နာရီကျော်အထိ လူသေဆုံးမှုမရှိသော်လည်း မူးဝေမှုကြောင့် ဆေးရုံသို့ ရောက်ရှိလာသော မီးသတ်တပ်ဖွဲ့ဝင်အချို့ရှိကြောင်း မန္တလေးဆေးရုံရှိ တာဝန်ကျရဲအရာရှိက ပြောသည်။