ဖူဆယ်လိဂ် ဂိုးသွင်းအများဆုံး စာရင်းတွင် ဂျူနီယာ ဆက်လက်ဦးဆောင်

ဖူဆယ်လိဂ်ပွဲစဉ် (၂၁)အပြီး ဂိုးသွင်းအများဆုံး စာရင်းတွင် VUC အသင်းမှ ဘရာဇီးကစားသမား ဂျူနီယာက သွင်းဂိုး ၃၉ ဂိုးဖြင့် ဦးဆောင်ထားသည်။

၂၀၁၉-၂၀ ရာသီ ဖူဆယ် လိဂ်ပွဲစဉ် (၂၁) အပြီးတွင် VUC နှင့် MIU အသင်းက ရမှတ် ၆၁ မှတ်စီ တူညီနေသော်လည်း ဂိုးကွာခြားချက်သာသည့် VUC အသင်းက အမှတ်ပေးဇယားတွင် ပထမ၊  MIU အသင်းက ဒုတိယနေရာ၌  ရပ်တည်နေသည်။ VUC အသင်းသည် လက်ရှိအထိ သွင်းဂိုး ၂၀၂ ဂိုးထိ သွင်းယူထားပြီး ဘရာဇီးကစားသမား ဂျူနီယာတစ်ဦးတည်းက ၃၉ ဂိုး သွင်းယူကာ ဂိုးသွင်းအများဆုံး စာရင်း၌ ဦးဆောင်ထားသည်။  ဂျူနီယာနောက်တွင် VUC အသင်းမှ ဘရာဇီးကစားသမား အိုလီဗီယာက သွင်းဂိုး ၃၀ ဖြင့် ဒုတိယ၊ VUC မှ အောင်ဇင်ဦးက ၂၂ ဂိုးဖြင့် တတိယ၊ VUC မှ နိုင်လင်းထွန်းကျော်နှင့် ငြိမ်းမင်းစိုး၊ Dream Team မှ အောင်မျိုးထွန်း တို့က ၂၁ ဂိုး စီဖြင့် စတုတ္ထနေရာ၌ ပူးတွဲရပ်တည်နေသည်။

နှစ်ကျော့စနစ် ကျင်းပသည့် ဖူဆယ်လိဂ်ပြိုင်ပွဲတွင် ၁၂ သင်း ယှဉ်ပြိုင်နေပြီး MIU, VUC နှင့် လက်ဝဲသုန္ဒရ အသင်းတို့က ပြည်ပကစားသမားနှစ်ဦးစီ ခေါ်ယူထား ကာ ကျန်ကိုးသင်းက ပြည်တွင်း ကစားသမားများဖြင့်သာ ယှဉ်ပြိုင်ခြင်း ဖြစ်သည်။

၂၀၁၉-၂၀ ရာသီ ဖူဆယ် လိဂ် နောက်ဆုံးပွဲစဉ် (၂၂) ကိုဖေဖော်ဝါရီ ၁၅ ရက်တွင် အမျိုးသားအား ကစားပြိုင်ပွဲ ရုံ(၂) လှိုင်၌ ကျင်းပမည် ဖြစ်သည်။ ယင်းပွဲတွင် လက်ရှိချန်ပီယံ MIU နှင့် VUC အသင်းတို့ ထိပ်တိုက်တွေ့ဆုံနေသည်။ ယင်းနှစ်သင်း ပထမအကျော့ တွေ့ဆုံစဉ်က နှစ်ဂိုးစီ သရေကျထားသည်။

ထို့ကြောင့် VUC အသင်းအနေဖြင့် နောက်ဆုံးပွဲတွင် အနိုင်ရလဒ် (သို့မဟုတ်) ဂိုးမရှိ သရေရလဒ်မှ နှစ်ဂိုးစီသရေ ရလဒ်ရရှိပါက ဗိုလ်စွဲမည် ဖြစ်သည်။ လက်ရှိချန်ပီယံ MIU အသင်းအနေဖြင့်  အိမ်ကွင်းအဖြစ် ယှဉ်ပြိုင်သည့် ပထမအကျော့တွင် VUC အသင်းနှင့် နှစ်ဂိုးစီ သရေကျထား သဖြင့် လက်ရှိချန်ပီယံဘွဲ့ကို ထိန်းသိမ်းနိုင်ရန် ဒုတိယ အကျော့ နောက်ဆုံးပွဲတွင် နိုင်ပွဲရရှိအောင် စွမ်းဆောင်နိုင်ရန် လိုအပ်ပြီး သရေရလဒ် ထွက်ပေါ်ပါက သုံးဂိုးစီနှင့်အထက် သရေရလဒ် ထွက်ပေါ်ရန် လိုအပ်မည် ဖြစ်သည်။