ပုသိမ်ကမ်းနားလမ်း တိုးချဲ့မှု ၃၀ ရာခိုင်နှုန်း ပြီးစီး

ပုသိမ်ကမ်းနားလမ်း တိုးချဲ့တည်ဆောက်မှု လုပ်ငန်းခွင် (ဓာတ်ပုံ − သက်ဆွေ)

 ပုသိမ်ကမ်းနားလမ်းကို င၀န်မြစ်အတွင်း တိုးချဲ့၍ ဆိပ်ခံ တံတား (Jetty) တည်ဆောက် ခြင်းလုပ်ငန်းမှာ ဖေဖော်ဝါရီ ၁၃ ရက်အထိ ၃၀ ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ကြောင်း ဧရာဝတီတိုင်းအစိုးရ အဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက် မှုလက်မှုနှင့် လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဦးဝင်းဌေးက ပြော သည်။


Family Nest ကုမ္ပဏီက တာဝန်ယူဆောက်လုပ်နေသော အဆိုပါဆိပ်ခံတံတားကို ယမန် နှစ် ဒီဇင်ဘာလလယ်က စတင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ င၀န်မြစ်အတွင်း သံကူကွန်ကရစ် ပိုင်များချ၍ အကျယ် ပေ ၂၀၊ အ ရှည် ပေ ၃၉၀ ကို ကွန်ကရစ် ခင်းဖြင့် တိုးချဲ့တည်ဆောက်ခြင်း ဖြစ်သည်။ ၂၀၁၉-၂၀ ဘဏ္ဍာ ရေးနှစ် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံ ငွေမှ ကျပ်သန်း ၉၀၀ ကျော် (၉၂၂ ဒသမ ၃၀၀) ဖြင့် လမ်းတိုး ချဲ့နေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

‘‘ကမ်းနားလမ်းကို တိုးချဲ့ တာဖြစ်သလို တံတားကြောင့်ဖြစ် လာတဲ့ ရေစူးထိုးတာကိုလည်း ကာကွယ်တဲ့အနေနဲ့ ကမ်းထိန်း တည်ဆောက်တာပါ’’ဟု ၀န်ကြီး ဦးဝင်းဌေးက ပြောသည်။

မြစ်အတွင်း တိုးချဲ့လမ်းကို အရှည်ပေ ၂၆၀၀ အထိခင်းရန် ဘတ်ဂျက်နှစ်အလိုက် ဆောင် ရွက်မည်ဖြစ်ကြောင်း ပုသိမ်မြို့ နယ် အမှတ်(၁)မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ် ဦးအောင်သူထွေးက ပြောသည်။ ထို့ပြင် ထပ်မံ၍ ပေ ၁၅၀ ခင်းနိုင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဖြည့်စွက်ရန်ပုံငွေ တွင်လည်း ထည့်သွင်းတောင်းခံ ထားသည်ဟု ၎င်းကပြောသည်။

လမ်းတိုးချဲ့ခင်းနေသည့် နေ ရာသည် လက်ရှိအချိန်ထိ တစ် လမ်းမောင်းစနစ် ကျင့်သုံးနေ သည့်နေရာဖြစ်ပြီး ပုသိမ်မြို့၏ စီးပွားရေးအရ အချက်အချာကျ သော နေရာတစ်ခုလည်းဖြစ် သည်။ လုပ်ငန်းပြီးစီးပါက ယာဉ် လမ်းအကျယ် ပေ ၃၀ ရှိမည်ဖြစ်၍ နှစ်လမ်းမောင်းစနစ် ပြန်လည် ကျင့်သုံးရန် စီစဉ်မည်ဖြစ်ကြောင်း ဦးအောင်သူထွေးက ပြောသည်။

ယင်းသို့ တည်ဆောက်နေမှု ကို ဘတ်ဂျက်နှစ်အတွင်း အပြီး လုပ်ဆောင်မည်ဖြစ်ပြီး ကမ်းနား လမ်းရှိ ဆိပ်ခံတံတားများ၊ ရေ ဆင်းတံတားများကိုလည်း ဆက် လက်ပြုပြင်တည်ဆောက်ရန် စီ စဉ်ထားကြောင်း သိရသည်။