ရခိုင်ရှိ တက္ကသိုလ်ဝင်ခွင့် စာစစ်ဌာန ၂၀ ကို လုံခြုံရေးကြောင့် ယာယီပိတ်မည်

 လုံခြုံရေးအခြေအနေအရ ရခိုင်ပြည်နယ် မြို့နယ်ကိုးခုရှိ တက္ကသိုလ်ဝင်ခွင့်စာစစ်ဌာန ၂၀ ကို ယာယီပိတ်ရန် ပြည်နယ်ပညာရေးမှူးရုံးက ပြည်နယ်အစိုးရအဖွဲ့နှင့်  မြန်မာနိုင်ငံစာစစ်ဌာနသို့ တင်ပြထားသည်။

လုံခြုံရေးအခြေအနေအရ ပိတ်ထားရမည့် စာစစ်ဌာန ၂၀ သည် ကျောက်ဖြူ၊ အမ်း၊ မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နှင့် ဘူးသီးတောင်မြို့နယ်တို့မှဖြစ်ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းက ပြောသည်။

‘‘စုစုပေါင်း မြို့နယ်ကိုးခုက စာစစ်ဌာန ၂၀ ခန့်ကို ယာယီပိတ်ထားပြီး အစိုးရရဲ့ စီမံခန့်ခွဲမှုနဲ့ ဆောင်ရွက်သွားဖို့ ရှိပါတယ်။ မြန်မာနိုင်ငံစာစစ်ဌာနကိုလည်း အကြောင်းကြားထားပါတယ်’’ဟု ၎င်းကဆိုသည်။

လုံခြုံရေးစိုးရိမ်ရသည့် စာစစ်ဌာနများတွင် မေးခွန်းများ ထိန်းသိမ်းရန် အခက်အခဲရှိပြီး ယခင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စစ်ချိန်ကလည်း လုံခြုံရေး မကောင်းသည့်နေရာများ၌ မေးခွန်းလွှာများ ထိန်းသိမ်းရန် အခက်အခဲဖြစ်ပေါ်ခဲ့ကြောင်း ဦးတင်သိန်းကပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့(AA)တို့ တိုက်ပွဲဖြစ်ပွားနေသဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာအနီးရှိ ကျောင်းများ ပိတ်ထားရပြီး စစ်ဘေးရှောင်စခန်းများမှ ကျောင်းသားကျောင်းသူများမှာ နီးစပ်ရာကျောင်းများ၌ ပညာသင်ကြားနေရသည်။

အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်နေသည့် ကလေးများကို နဝမတန်း (ပြင်ပအလွတ်ဖြေ)အဖြစ် ဖြေဆိုအောင်မြင်ပြီးပါက တက္ကသိုလ်ဝင်တန်းစာမေးပွဲကို (ပြင်ပအလွတ်ဖြေ) အဖြစ် ဖြေဆိုခွင့်ပြုထားကြောင်း ပညာရေးဒုဝန်ကြီး ဦးဝင်းမော်ထွန်းက အမျိုးသားလွှတ်တော်တွင် ဖြေကြားထားသည်။

‘‘ကလေးတွေက တောင်ပြေး၊ မြောက်ပြေးနဲ့ ပညာကိုလည်း သေချာမသင်ရသလို သူတို့ရဲ့ စိတ်တွေမှာလည်း ဖိစီးမှုတွေ များနေတယ်။ အခုလို မငြိမ်မသက်ဖြစ်နေချိန်မှာ တခြားစာစစ်ဌာနတွေကိုသွားပြီး ဖြေရမှာကလည်း လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မိဘမှာတော့ ကိုယ့်သားသမီး အဆင်ပြေပြေ စာမေးပွဲဖြေဆိုနိုင်ဖို့ တတ်နိုင်သလောက် ကြိုးစားပေးရမှာပါ’’ဟု ရသေ့တောင်မြို့နယ်မှ ကျောင်းသားမိဘတစ်ဦးက ပြောသည်။

ယမန်နှစ် ပညာသင်နှစ်က ရခိုင်ပြည်နယ်တွင် တက္ကသိုလ်ဝင်စာစစ်ဌာန  ၁၂၁ ခုကို ဖွင့်လှစ်ပြီး ကျောင်းသား ကျောင်းသူ လေးသောင်းကျော် ဝင်ရောက်ဖြေဆိုခဲ့သည်။