ဒီနေ့ရဲ့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေ ဒီမှာကြည့်ပါ။

Fri, 2020-02-14 15:38 -- 7daynews

ဝူဟန်မှာ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ နေရာကို လူထပ်ဖြည့်ဖို့ အခက်ကြုံနေ၊ အမှားလေးတစ်ခု ကျူးလွန်မိတာနဲ့ အမေရိကန်ရော၊ အစ္စရေးကိုပါ တိုက်မယ်လို့ အီရန် ဗိုလ်ချုပ် ခြိမ်းခြောက်၊ ဗိုင်းရပ်စ်ကူးစက်မှုတွေကို မြောက်ကိုရီးယား အစိုးရ ဖုံးဖိထားတယ်လို့ စွပ်စွဲမှုတွေ ထွက်ပေါ်၊ သူအာဏာရနေသ၍ ရုရှားမှာ လိင်တူချင်း ထိမ်းမြားခွင့် မရစေရဘူးလို့ ပူတင်ပြော၊ ဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ အထင်မှားပြီး အိန္ဒိယ အမျိုးသားတစ်ဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင် စတဲ့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေကို တင်ဆက်ပေးလိုက်ပါတယ်။

ဖေဖော်ဝါရီ - ၁၄၊ ၂၀၂၀

ဝူဟန်မှာ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ နေရာကို လူထပ်ဖြည့်ဖို့ အခက်ကြုံနေ
 
ဝူဟန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ် လူနာတွေကို ရှေ့ဆုံးတန်းကနေ တာဝန်ယူ ကုသပေးရင်း ကိုယ်တိုင် ကူးစက်ခံလိုက်ရတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ နေရာမှာ လူထပ်ဖြည့်ဖို့ အခက်အခဲတွေ ကြုံနေရတယ်လို့ သိရပါတယ်။ ဗိုင်းရပ်စ် စတင်ပျံ့နှံ့လာတဲ့ ဝူဟန်မြို့မှာ ကူးစက်ခံရသူ သောင်းနဲ့ချီ များပြားခဲ့ပြီး တရုတ်နိုင်ငံ အနှံ့က ဆရာဝန်တွေ၊ သူနာပြုတွေက လူနာတွေကို မနားမနေ ကူညီ ကုသပေးနေကြပါတယ်။ ဒါပေမဲ့ ကူးစက်နှုန်း မြန်တဲ့ ဗိုင်းရပ်စ်ကြောင့် ကျန်းမာရေး ဝန်ထမ်းတွေကိုယ်တိုင် ဗိုင်းရပ်စ် စွဲကပ်ပြီး လူနာဘဝ ပြန်ရောက်သွားတာမျိုးတွေ ကြုံနေရပါတယ်။ ကိုယ်တိုင် ဗိုင်းရပ်စ် ကူးစက်ခံလိုက်ရလို့ ကုသရေး ကဏ္ဍမှာ ဆက်ပြီး တာဝန်မယူနိုင်တော့ဘဲ လစ်လပ်သွားတဲ့ ကျန်းမာရေး ဝန်ထမ်းတွေရဲ့ နေရာမှာ ဘယ်လိုဘယ်ပုံ အစားထိုးမလဲ ဆိုတာက လတ်တလော တရုတ်အာဏာပိုင်တွေ ကြုံနေရတဲ့ နောက်ထပ် စိန်ခေါ်မှု အသစ်တစ်ခု ဖြစ်လာကြောင်း သိရပါတယ်။ ဒါ့အပြင် ကျန်းမာရေး ဝန်ထမ်းတွေ ဖျားနာလာပြီဆိုရင် ဗိုင်းရပ်စ် ကူးခံထားရတာ ဟုတ်မဟုတ် ဆေးစစ်ချက် စောင့်ဆိုင်းနေတဲ့ ကာလအတွင်း အလုပ်ဆက်လုပ်ရမလား၊ ရောဂါခြေချုပ်နဲ့ နေရမလား ဆိုတာကလည်း ဝေခွဲမရ ဖြစ်စေပါတယ်။ ဝူဟန်က ဆေးရုံ အားလုံးလိုလိုမှာ ဆေးစစ်ရလဒ် မထွက်သေးတဲ့ လူနာတွေကို ထားရှိတဲ့ ပိုးသတ်ခန်းတွေက လူပြည့်နေပါပြီ။ ဝူဟန် ဗဟိုဆေးရုံကြီးက သူနာပြု တစ်ဦးဆိုရင် သူအပါအဝင် ဆေးရုံက လုပ်ဖော်ကိုင်ဖက် ၁၅၀ လောက် ဗိုင်းရပ်စ် ကူးစက်ခံရပြီလို့ သံသယရှိတဲ့၊ ဒါမှမဟုတ် အတည်ပြုနိုင်တဲ့ အခြေအနေတွေ ကြုံနေတယ်လို့ ရေးသား ဖော်ပြဖူးပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က လူအချင်းချင်း ဗိုင်းရပ်စ် ကူးစက်နိုင်မှု အမြင့်ဆုံး နေရာတွေဟာ ဆေးရုံ၊ ဆေးခန်းတွေဖြစ်ပြီး လူနာတွေကို အနီးကပ် ပြုစု ကုသပေးနေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေက ထိလွယ်ရှလွယ် အရှိဆုံး အခြေအနေမျိုး ကြုံနေရကြောင်း မှတ်ချက် ပေးထားပါတယ်။
 
အမှားလေးတစ်ခု ကျူးလွန်မိတာနဲ့ အမေရိကန်ရော၊ အစ္စရေးကိုပါ တိုက်မယ်လို့ အီရန် ဗိုလ်ချုပ် ခြိမ်းခြောက်
 
အမှားသေးသေးလေး တစ်ခုခု ကျူးလွန်မိရင်တောင် အမေရိကန်နဲ့ အစ္စရေးကို တိုက်ခိုက်သွားမယ်လို့ အီရန် တော်လှန်ရေး အစောင့်တပ် အကြီးအကဲ ဗိုလ်ချုပ် ဟိုဆိန်း ဆာလာမီက ကြုံးဝါးလိုက်ပါတယ်။ အမေရိကန်က ဒုံးကျည်တွေနဲ့ ပစ်ခတ် လုပ်ကြံလို့ အီရန် စစ်ဦးစီး အရာရှိ ကာဆမ် ဆိုလိုင်မာနီ သေဆုံးခဲ့တာ ရက်ပေါင်း ၄၀ ပြည့်မြောက်တဲ့ ဖေဖော်ဝါရီ ၁၃ ရက် အခမ်းအနား တစ်ခုမှာ ဆာလာမီက အခုလို ပြောကြားခဲ့တာပါ။ အမှား သေးသေးလေးလောက် ကျူးလွန်မိရင်တောင် ရန်သူနိုင်ငံ နှစ်ခုစလုံးကို တိုက်ခိုက်ဖို့ အီရန်က အသင့်ပြင်ထားတယ်လို့ ဆာလာမီက အမေရိကန်နဲ့ အစ္စရေးကို တိုက်ရိုက် ရည်ညွှန်းပြီး ခြိမ်းခြောက်သွားခဲ့ပါတယ်။ ဇန်နဝါရီ လဆန်းပိုင်းမှာ ဆိုလိုင်မာနီ လုပ်ကြံခံခဲ့ရတဲ့ ဖြစ်ရပ်နောက်ပိုင်း အမေရိကန်နဲ့ အီရန်ရဲ့ ဆက်ဆံရေးက အတင်းမာဆုံး အဆင့်ထိ ရောက်ရှိခဲ့ပါတယ်။ အီရန်က ဒီကိစ္စကို လက်တုံ့ပြန်တဲ့ အနေနဲ့ အီရတ်ပိုင်နက်ထဲမှာ ရှိနေတဲ့ အမေရိကန် စစ်စခန်း နှစ်ခုကို ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပါသေးတယ်။ ဆာလာမီက ဆိုလိုင်မာနီကို အမေရိကန်က လုပ်ကြံလိုက်တဲ့ လုပ်ရပ်ဟာ သူရဲဘော ကြောင်လွန်းရာ ကျနေတယ်လို့လည်း ဝေဖန် စွပ်စွဲသွားပါတယ်။ ဆာလာမီရဲ့ ခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်ပြီး အမေရိကန်ကတော့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။ အမေရိကန်ရဲ့ မဟာမိတ် အစ္စရေးကတော့ အီရန်စစ်တပ်နဲ့ အီရန်ရဲ့ မဟာမိတ် စစ်သွေးကြွတွေကသာ အစ္စရေးကို ထိပါးလာမယ်ဆိုရင် ပြင်းပြင်းထန်ထန် လက်တုံ့ပြန်တာမျိုး ကြုံရလိမ့်မယ်လို့ ကြိုတင် သတိပေးထားဖူးပါတယ်။
 
ဗိုင်းရပ်စ်ကူးစက်မှုတွေကို မြောက်ကိုရီးယား အစိုးရ ဖုံးဖိထားတယ်လို့ စွပ်စွဲမှုတွေ ထွက်ပေါ်
 
မြောက်ကိုရီးယား နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ရှိနှင့်နေပြီဖြစ်ပြီး အစိုးရက ဖုံးကွယ်ထားတာသာ ဖြစ်တယ်လို့ စွပ်စွဲချက်တွေ ထွက်ပေါ်လာပါတယ်။ တောင်ကိုရီးယား မီဒီယာ တချို့က မြောက်ကိုရီးယားမှာရှိတဲ့ သတင်းရင်းမြစ်တွေရဲ့ အဆိုကို ကိုးကားပြီး မြောက်ပိုင်း အိမ်နီးချင်း နိုင်ငံထဲမှာ ဗိုင်းရပ်စ် ကူးစက်မှုတွေ ရှိနေပြီလို့ ဖော်ပြလာတာပါ။ နိုင်ငံတကာ အသိုက်အဝန်းနဲ့ တသီးတခြား ရပ်တည်နေတဲ့ မြောက်ကိုရီးယားမှာ လက်ရှိ အချိန်ထိ ဗိုင်းရပ်စ် ကူးစက်သူတွေ တွေ့ရှိကြောင်း အစိုးရက ထုတ်ပြန်တာ မရှိသေးပါဘူး။ ဗိုင်းရပ်စ်ကူးစက်မှုတွေ အစပြုရာ တရုတ်နိုင်ငံဟာ မြောက်ကိုရီးယားရဲ့ အဓိက ကုန်သွယ်ဖက်ဖြစ်ပြီး တရုတ် ကမ္ဘာလှည့် ခရီးသွားတွေ အများအပြားလည်း မြောက်ကိုရီးယားကို သွားရောက် လည်ပတ်လေ့ ရှိပါတယ်။ နိုင်ငံတကာ ကျန်းမာရေး သုတေသီတွေက မြောက်ကိုရီးယားဟာ လုံလောက် အားကောင်းတဲ့ ကျန်းမာရေး စောင့်ရှောက်မှု အစီအမံတွေ မရှိတဲ့အတွက် ဗိုင်းရပ်စ်ကူးစက်မှုတွေသာ တကယ်ရှိလာရင် အခြေအနေဆိုးတွေ ရင်ဆိုင်ရနိုင်ကြောင်း သတိပေးထားပါတယ်။ ဒီအတောအတွင်း မြောက်ကိုရီးယားမှာ ဗိုင်းရပ်စ် မပျံ့ပွားအောင် ရောဂါခြေချုပ်နဲ့ ထားရှိသူတစ်ဦး အပြင်ထွက်လည်လို့ ကွပ်မျက်ခံလိုက်ရတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ တောင်ကိုရီးယားနဲ့ ဗြိတိန် မီဒီယာ တချို့က ကွပ်မျက်ခံရသူဟာ မြောက်ကိုရီးယား ကုန်သွယ်ရေး အရာရှိ တစ်ဦးဖြစ်ပြီး တရုတ်က ပြန်လာတာ မကြာသေးတဲ့အတွက် ရောဂါခြေချုပ်အဖြစ် ထားရှိခံရသူလို့ ဖော်ပြပါတယ်။ ဒါပေမဲ့ ရောဂါခြေချုပ် စည်းကမ်းတွေကို ချိုးဖောက်ပြီး အများသုံး ရေချိုးအိမ် တစ်ခုကို သွားရောက် လည်ပတ်ခဲ့တဲ့နောက် အဲဒီအရာရှိကို နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ အမိန့်အရ ကွပ်မျက်လိုက်တာလို့ ဆိုပါတယ်။ ပြီးတော့ တရုတ်ကို အလည်အပတ် သွားရောက်ခဲ့တယ် ဆိုတာကို ဖုံးကွယ်ဖို့ ကြိုးစားတဲ့ တခြား အရာရှိ တစ်ယောက်ကလည်း လယ်တောတစ်ခုကို အလုပ်ကြမ်းလုပ်ဖို့ ပို့ဆောင်ခံခဲ့ရတယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။ တရုတ်မှာ ဗိုင်းရပ်စ် ကူးစက်မှုတွေ ဖြစ်ပေါ်နေတဲ့နောက် မြောက်ကိုရီးယားဟာ နှစ်နိုင်ငံ နယ်စပ်တွေကို ပိတ်ထားလိုက်သလို ကုန်သွယ်ရေး ကဏ္ဍကိုလည်း ကန့်သတ်ထားပါတယ်။ တရုတ်ကနေ ရောက်လာသူတွေကို တခြားနိုင်ငံတွေမှာ ရောဂါခြေချုပ်ကာလ ၁၄ ရက် သတ်မှတ် စောင့်ကြည့်လေ့ ရှိပေမယ့် မြောက်ကိုရီးယားမှာတော့ တစ်လထိ အချိန်ယူ စောင့်ကြည့်ကြောင်းလည်း သိရပါတယ်။
 
သူအာဏာရနေသ၍ ရုရှားမှာ လိင်တူချင်း ထိမ်းမြားခွင့် မရစေရဘူးလို့ ပူတင်ပြော
 
သူအာဏာရနေတဲ့ ကာလတလျှောက် ရုရှားနိုင်ငံမှာ လိင်တူချင်း လက်ထပ်ထိမ်းမြားဖို့ ခွင့်ပြုမှာ မဟုတ်ကြောင်း သမ္မတ ဗလာဒီမာ ပူတင်က ပြောကြားသွားခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၁၃ ရက်က လိင်တူချင်း လက်ထပ် ထိမ်းမြားခွင့်နဲ့ ပတ်သက်လို့ သဘောထား မှတ်ချက် ပေးခဲ့ရာမှာ ပူတင်က ကလေးတစ်ယောက်ဟာ အဖေတစ်ယောက်နဲ့ အမေနှစ်ယောက်သာ ရှိသင့်ကြောင်း၊ မိဘနံပါတ်(၁)နဲ့ မိဘနံပါတ်(၂) ဆိုတာကို ခွဲခြားရ ခက်မနေစေချင်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။ ပူတင်က ကရင်မလင် နန်းတော်ထဲမှာ သူတာဝန်ယူနေသမျှ ကာလပတ်လုံး လိင်တူလက်ထပ်ဖို့ ဆိုတာက လုံးဝ ဖြစ်မလာစေရဘူးလို့လည်း အပြတ် ပြောသွားပါတယ်။ ဒါကြောင့် လိင်တူ အခွင့်အရေးနဲ့ LGBT ထောက်ခံလှုပ်ရှားသူတွေ အနေနဲ့ လိင်တူလက်ထပ်ခွင့် ဥပဒေ ဖြစ်မြောက်လာဖို့ ၂၀၂၄ ခုနှစ်ထိ မျှော်လင့်ခွင့် မရှိတော့တဲ့ သဘောပါ။ ပူတင်ရဲ့ သမ္မတ သက်တမ်းဟာ နောက်ထပ် ၄ နှစ် ကျန်နေပါသေးတယ်။ ပူတင်ဟာ ရုရှားရဲ့ ​အော်သိုဒေါ့စ် ဘုရားကျောင်းနဲ့ နီးစပ်မှု ရှိနေသလို အနောက်တိုင်း လစ်ဘရယ်လ် ဝါဒတွေနဲ့ တတ်နိုင်သမျှ ခပ်ကင်းကင်း ရပ်တည်ခဲ့ပါတယ်။
 
ဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ အထင်မှားပြီး အိန္ဒိယ အမျိုးသားတစ်ဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်
 
အိန္ဒိယ အမျိုးသား တစ်ဦးဟာ ကိုယ့်ကိုယ်ကိုယ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေပြီလို့ အစိုးရိမ်ကြီးပြီး သေကြောင်း ကြံစည်သွားခဲ့ပါတယ်။ တာရူပတ္တီမှာ နေထိုင်တဲ့ အသက် ၅၀ အရွယ် ဘာလာ ခရစ္စရှနားဟာ ဖျားနာလာတဲ့အတွက် ဒေသခံ ဆရာဝန် တစ်ယောက်နဲ့ သွားရောက် တွေ့ဆုံ ပြသခဲ့ပါတယ်။ ဆရာဝန်က ခရစ္စရှနားဟာ အဖျားဗိုင်းရပ်စ်တစ်ခု ကူးစက်ခံရတာ ဆိုပေမယ့် တရုတ်နိုင်ငံ၊ ဝူဟန်မြို့က အစပြုလာတဲ့ ကိုရိုနာ ဗိုင်းရပ်စ်နဲ့ ပတ်သက်မှု မရှိဘူးလို့ ရှင်းပြခဲ့ပါတယ်။ ဒါပေမဲ့ ခရစ္စရှနားက သူ့ရဲ့ သံသယကို မဖျောက်နိုင်ခဲ့ပါဘူး။ အင်တာနက်ပေါ်မှာ တွေ့ရှိတဲ့ အချက်အလက်တွေကို လိုက်ဖတ်ပြီးတဲ့နောက် သူဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ လက္ခဏာတွေ တွေ့နေရပြီလို့ တစ်ထစ်ချ ယူဆလိုက်ပါတယ်။ ဒါကြောင့်လည်း ဇနီးဖြစ်သူနဲ့ သားသမီးတွေကို မကူးစက်အောင်ဆိုပြီး ကြိုးဆွဲချ သတ်သေသွားခဲ့တာပါ။ အခုသီတင်းပတ် အစောပိုင်းတုန်းက သူ့ရဲ့ အဖေဟာ ကိုရိုနာ ဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ ဗီဒီယိုတွေကို အင်တာနက်ပေါ်မှာ တောက်လျှောက် ကြည့်နေခဲ့ကြောင်း သားဖြစ်သူ ဘာလာ မူရာလီက ပြောပြပါတယ်။ မိသားစုဝင်တွေက သူဟာ ဗိုင်းရပ်စ် ကူးစက်ခံရတာ မဟုတ်ပါဘူးလို့ နှစ်သိမ့်ကြပေမယ့် ခရစ္စရှနားက လက်မခံခဲ့ပါဘူး။ နောက်တစ်ရက်မှာတော့ ခရစ္စရှနားဟာ မိသားစုဝင်တွေကို အိမ်ပြင်က သော့ခတ်ခဲ့ပြီး သူ့မိခင်ရဲ့ သင်္ချိုင်းနေရာနားမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တာလို့ သိရှိရပါတယ်။ 

Friday, February 14, 2020